ကျွန်တော်နှင့်အမြုံ (၁)
28-Feb-2017ကျွန်တော်နှင့်အမြုံ (၁)
တစ်နေ့သောနေ့လယ်ပိုင်းတွင် အမျိုးသမီးလူနာတစ်ဦး ရောက်ရှိလာခဲ့သည်။ အသက် ၂၇ နှစ်၊ အိမ်ထောင်သက် သုံးနှစ်ရှိပေသည်။ မည်သည့် သန္ဓေသားနည်းများ မပြုလုပ်ဘဲနှင့် ကလေးမရသော ကြောင့် ကလေးလိုချင်၍ လာရောက်ပြသသူ ဖြစ်သည်။ ယင်းသို့ သုံးနှစ်တိုင်အောင် ကြိုးစားသော်လည်း သန္ဓေတည်မရနိုင်အောင် ဖြစ်နေပါက ကလေးမရရှိနိုင်သော သူ သို့မဟုတ် အမြုံခေါ်ဆိုနိုင် ပေသည်။ ထိုအခါ ဇနီးမောင်နှံ နှစ်ဦးအား စမ်းသပ်စစ်ဆေးချက်များ ပြုလုပ်ပြီး ချို့ယွင်းချက်များကို ပြု ပြင်ကုသပေးရပါသည်။ သူမ၏ ခင်ပွန်းမှာ အစိုးရဝန်ထမ်းတစ်ဦးဖြစ်၍ ဇနီးမောင်နှံ တစ်ကွဲတပြားစီ နေရသူမဟုတ်။ သုံးနှစ်လုံးလုံး အတူတကွ နေထိုင်ခဲ့ကြသည်။
သူမတွင် ချို့ယွင်းချက်ရှိ၊ မရှိ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ မေးမြန်းစုံစမ်းချက်အားဖြင့် သိရသည်မှာ မီးယပ်လစဉ် ပုံမှန်စစ်ဆေးရပါသည်။ သားအိမ်မှ ရှေ့သို့ငိုက်ပြီး မူမှန်အရွယ်ဖြစ်သည်။ သားအိမ် အတွင်းလက်ချောင်းများနှင့် ဗိုက်ပေါ်မှာ တင်ထားသော လက်ချောင်းများအကြားထား၍ ဖိကြည့်ရာ နာကျင်ကြောင်းပြောသည်။ မျိုးဥလမ်းကြောင်း ပြွန် (Ovaries and Fallopian tubes) များမှာ ရောင်ရမ်းနေသဖြင့် လွယ်ကူစွာစမ်းသပ်လို့ရပြီး နာကျင်မှုမှာ ပြင်းထန်လှသည်။ နှစ်ဖက်စလုံး ရောင်နေသည်။ နာကျင်လှ၍ သူမမှာ မျက်ရည်လည်နေရှာသည်။
အခြားချို့ယွင်းချက် မတွေ့ရပေ။ သူမခံစားနေရသော ရောဂါမှာ မျိုးဥလမ်းကြောင်းပြွန် နှစ်ဖက်စလုံး ရောင်ရမ်းခြင်း ရောဂါ (Bilateral Salpingo Oophoritis) ဖြစ်သည်။ သူမအား အခြေအနေကို ရှင်းပြသည်။ စိတ်ရှည်ဖို့ပြောရသည်။ မျိုးဆက်အင်္ဂါစု ရောင်ရမ်းခြင်းကြောင့် ကလေးမရ ဖြစ်နေကြောင်းနှင့် အရောင်ကျပျောက်ကင်းအောင် ဆေးထိုုးဆေးသောက်ခြင်းများ ပြုလုပ်ရမည်ဆိုသည်ကို နားလည်လက်ခံလာစေရန် ရှင်းပြပြောဆိုရသည်။ ဆေးကုသ
ချက်မှာ သုံးလမှ ငါးလကြာမြင့်နိုင်၍ သည်းခံစိတ်ရှည်ရန် လိုမည်ကို ကြိုတင်အသိပေးထားရသည်။
ဆေးကုသချက်ကို စတင်ပေးပြီး ဆေးပတ်လည်ပြီး တစ်လအကြာတွင် ပြန်လည်ခေါ်ယူ
စမ်းသပ်စစ်ဆေးခဲ့သလို ဆေးကိုလည်း တစ်ကြိမ်နဲ့တစ်ကြိမ် မတူညီ ပြောင်းလဲပေးခဲ့သည်။ သုံးလဆေးကုသချက်ပေးပြီး စမ်းသပ်ကြည့်သောအခါ နာကျင်မှုမရှိ၊ ရောင်ရမ်းမှုမရှိ၊ ပျောက်ကင်း သွားခဲ့ပေသည်။ သုံးလစောင့်ဆိုင်းကြည့်ရှုရန်နှင့် ကိုယ်ဝန်ရှိမရှိ လာရောက်အကြောင်း ကြားရန် ညွှန်ကြားခဲ့သည်။ သုံးလကြာသောအခါ သူမရောက်လာခဲ့သည်။ သူမ၏
မျက်နှာမှာ ပြုံရွှင်ပီတိ အပြည့်နှင့် ဖြစ်သည်။
မီးယပ်သွေးပေါ်ခြင်း အလွန်မှန်သောသူသည် ယခုရက်ကျော်သည်မှာ နှစ်ပတ်ဖြစ်နေပါပြီ။ ညင်သာစွာ အတွင်းစမ်းသပ်ရာ၌ ကိုယ်ဝန်ဖြစ် နေကြောင်း ပြောပြသောအခါ ပြုံးနေသော
မျက်နှာမှာ ရယ်သွေးဖြန်းတက်သွားပြီး "ဝမ်းသာလိုက်တာ ဒေါက်တာရယ်။ ဒေါက်တာ့ကျေးဇူး တစ်သက်မမေ့နိုင်ပါဘူး" ကျွန်မကလည်း ဝမ်းသာကြောင်းပြော ပြီး သူမကိုယ်ဝန် လနုစဉ်တွင် သားလျှောပျက်ကျ မသွားစေရန်အတွက် အနေအထိုင်ဆင်ခြင်ရန်နှင့် တတ်အားသရွေ့့ အနားယူရန် ပြောပြလိုက်ပါသည်။ သူမသည် သမီးကလေးအား ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် မွေးဖွားခဲ့ပါသည်။
ထိုလူနာနှင့် အဆက်ပြတ်နေသည်မှာ သုံးနှင်ကျော်လောက် ရှိပေမည်။ တာဝါလိန်းဆေးရုံသို့ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ပြီး နိုင်ငံခြားသို့ ပညာတော်သင် သွားရောက်ပြန်လာခဲ့သည်။ တာဝါလိန်း သားဖွားဆေးရုံမှာပင် ပြန်လည်အမှုထမ်းဆောင်နေခဲ့သည်။ တစ်နေ့ သူမ ကျွန်မထံသို့ ရောက်လာပြန်သည်။ ယခုအခါတွင် သူမ၏မျက်နှာမှာ ငိုမဲ့မဲ့ဖြစ်နေသည်။ ကျွန်မနှင့် သုံးနှစ်ကျော် လောက်ကွဲကွာနေစဉ် နောက်ထပ် သားတစ်ယောက်၊ သမီး
တစ်ယောက် ထွန်းကားခဲ့ရာ သူမတွင် သားသမီးသုံးယောက်ရှိနေပါပြီ။ တစ်ယောက်နှင့်
တစ်ယောက်မှာ တစ်နှစ်၊ တစ်နှစ်ခွဲစီလောက် ကွာပေသည်။ ယခုတစ်ဖန် သူမတွင်
ကိုယ်ဝန်နှစ်လကျော် ရှိနေပေပြီ။ ယင်းကိုယ်ဝန်အား မလိုချင်၍ လာရောက်အကူအညီ
တောင်းခံနေခြင်းဖြစ်သည်။
ကျွန်မဒေါသထွက်သွားသည်။ ကိုယ့်ဒေါသကို ထိန်းပြီး ချော့မော့ရှင်းပြရသည်။ သားဖျက်ချခြင်းသည် အန္တရာယ်နှင့် တရားဥပဒေပါ ငြိစွန်းနေခြင်းများကို ရှင်းပြရသည်။ ယခု ကိုယ်ဝန်အား မွေးဖွားယူလိုက်ရန် တိုက်တွန်းရသည်။ နောက်ပိုင်း သန္ဓေခြားထားနိုင်ရန် ဆောင်ရွက်ပေးပါမည်ဟူ၍ နှစ်သိမ့်ရသည်။ သူမကို ကြည့်ရသည်မှာ ကျွန်မ၏ တိုက်တွန်းချက်ကို လက်မခံလိုပေ။ မကျေနပ် သော်လည်း ဘာမျှ မပြောမဆိုဘဲ ထွက်ခွာသွားသည်။ မကြာပါ သူမထံ ပြန်ရောက်လာခဲ့သည်။
သူမတွင် ကိုယ်ဝန်မရှိတော့ပေ။ ဖျက်ချပြီး အချင်းကျန်၍ ဗဟိုအမျိုးသမီးဆေးရုံတက် သားအိမ်ခြစ် ကုသမှုခဲ့ရကြောင်း ပြောပြနေသည်။ ဖြစ်ပြီးသော ကိစ္စများအတွက် ကျွန်မဘာမျှ မတတ်နိုင်တော့ပေ။ သူမအခုရောက်လာရခြင်း၏ အကြောင်းမှာ သန္ဓေတားနည်းလိုချင်၍ ဖြစ်သည်။ ထိုစဉ်အခါက အလွယ်တကူ ဝယ်ယူရရှိနိုင်သော သားအိမ်လည်တံ Cervix ကို ရော်ဘာကွင်းစွပ်ဖြင့် ဖုံးအုပ်ပြီး သုက်ပိုးသေစေသည့် ဆေးကိုပါ အသုံးပြုသောနည်းကို သင်ကြားပေးလိုက်သည်။ နောက်အပတ်တွင် လည်း နောက်ထပ်ဇာတ်လမ်းများနှင့် ဆက်လက်တင်ပြပေးပါမည်။ (Diaphragm + Spermicidal Jelly)
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, May 2016, Pg. 17